Showing posts with label Myanmar Royal family. Show all posts
Showing posts with label Myanmar Royal family. Show all posts

Friday, September 27, 2013

on Leave a Comment

ကုန်းဘောင်ဆက် မြန်မာ ရာဇဝင်မှ မိန်းမလည် မိန်းမထက် မိဖုရား သုံးပါး အပိုင်း(၁) - နန်းမတော်မယ်နု

ဘကြီးတော်မင်း(ဖန်နန်းရှင်) မှန်နန်းရှင်ဘုရား - ငယ် အမည် မောင်မောင်စိန် ၁၁၈၁-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၁၈-နှစ် အိမ်နိမ့်စံ ၃၄-နှစ်၊ နံတော် သောကြာသား၊ သက်တော် ၆၁-နှစ်၌ (နန်းကျပြီးနောက် ၈-နှစ်ကြာမှ) နတ်ရွာစံသည် ဟူ၏။

မြန်မာ သမိုင်း၊ ကမ္ဘာ့သမိုင်းရာဇ၀င်တွေကို လှန်လှောဖတ်ရှူမိတဲ့ အခါတိုင်း ရှင်ဘုရင် ဧကရာဇ်မင်းယောက်ျားများသည်သာ အထင်ကရ ထင်ရှားကျော်ကြားပြီး အဓိက ဇာတ်လိုက်အဖြစ် ပါဝင်တတ်ကြပါတယ်။ မိန်းမသားများထဲမှာတော့ ထင်ရှားကျော်ကြားသူကတော့ အင်မတန်မှကို နည်းပါးလှပြီး အဲဒီ အထဲမှာမှနာမည်ဆိုးနဲ့ ကျော်ကြားသူမိန်းမသားများကိုသာ လူအများက ပိုပြီး အမှတ်ရလွယ်တတ်ကြပါတယ်။
(ဥပမာ ကလီယိုပတ်ထရာ )
သို့သော်လည်း ခေတ် အဆက်ဆက်ပြောင်းလာခဲ့ကြတဲ့နောက် အချို့သော ရာဇဝင်ဆရာ၊စာရေးဆရာ တို့ရဲ့ "အာဘော်" ဟူသော စကားလုံး လှလှလေးကို သုံးပြီး ကိုယ်ထင်ရာ မြင်ရာကို ရမ်းသန်းပြီး ဇာတ်နာအောင် သာသာထိုးထိုးလေး ရေးကြပြန်တော့ အနှီ မိန်းမသားများခမျာ နဂိုရှိရင်းစွဲထက်ပိုပြီး ကြမ်း ရမ်း တဲ့ မိန်းမရိုင်းကြီးများ အဖြစ် အသွင်ပြောင်းကာ သေပြီးနောက် နှစ်ပေါင်းအတန်ကြာမှ ပိုပြီး အရှက်ကွဲရ ပိုပြီး နာမည်ကျော်ကြားရ ဖြစ်ကြရတယ်။ ဒါကြောင့် မို့လို့ ရှေး ယခင် စာရေးဆရာများ၏ အာဘော်များ စွပ်စွဲချက်များ မပါရှိပဲ ရာဇဝင် အထောက်အထားများနှင့် ညှိနှိုင်းကာ ကုန်းဘောင်ဆက် မြန်မာ ရာဇဝင်မှ မိန်းမလည် မိန်းမထက် မိဖုရား သုံးပါး ဆောင်းပါး အား ယနေ့ခေတ်အမြင်ဖြင့် နှိုင်းယှဉ်၍ ရေးသားတင်ပြအပ်ပါသည်။

နံပါတ်(၁) နန်းမတော်မယ် နု

နန်းမတော် မယ်နု ဟု အသိများသည့် ရှင်မင်းနုကို မြန်မာ သက္ကရာဇ် ၁၁၄၆ ဝါဆိုလဆုတ် ၅ ရက် အင်းဝမြို့၌ ဖွားမြင်သည်။ မိဘများမှာ ထောင်မှူး ဦးလွှတ်နှင့် ဇနီး မယ်မှန်တို့ ဖြစ်သည်။ မွေးချင်းနှစ်ယောက်ရှိပြီး အကြီးမှာ မောင်အို (စလင်းမင်းသားကြီးဖြစ်လာမည့်သူ)ဖြစ်သည်။နန်းမတော်မယ်နု၏ မျိုးရိုးမှာ ထောင်မှူးသမီး ၊ငါးစိမ်းသည် ၊ကုန်သည် မျိုးရိုး၊မင်းမှူထမ်းမျိုးရိုး ဟု အကွဲကွဲအပြားပြား ပေါက်ပန်းလေးဆယ် ပါးစပ်ရာဇဝင်များဖြင့် ရေးသားကြသော်လည်း တူညီစွာတူသည့် သေချာသည့်အချက်မှာကား မင်းမျိုးမင်းနွယ် နန်းတွင်းသူ မဟုတ်ခြင်းပင်ဖြစ်သည်။ မယ်နု ငယ်စဉ်က အိမ်မှ လူကြီးမိဘများနှင့် တရွာမှ တရွာသို့ သွားလာရာ လမ်းတွင် ဇရပ်တစ်ခု၌ အိပ်ကြ၏။မယ်နုက ထမင်းချက် တာဝန်ယူ၍ ချက်ပြုတ်ရာ မနက်မိုးလင်းသော အခါ မယ်နုထမင်းချက်ခဲ့သောနေရာ၌ မှိုပွင့်ကြီးတစ်ပွင့် ပေါက်လာရာ လူကြီးများက အံ့ဘွယ် နိမိတ်ကောင်းဟု မှတ်ယူကြသည်။ မယ်နု နန်းတွင်းရောက်လာပုံမှာ ဘယ်သူမှ အတိအကျ မသိသော်လည်း ရာဇဝင်များ အရ ထူးခြားလှ၏။ အသက် ၁၂နှစ်သမီး မယ်နု မြစ်ဆိပ်၌ ရေချိုးချိန်တွင် ရေလဲ လုံချည်ကို စွန်ရဲတစ်ကောင်မှ ဘာမှတ်သည်မသိ၊ ချီယူသွားပြီး နန်းတော် အတွင်းရှိ မိဖုရားများ စံပယ်ရာ တောင်နန်းဆောင်၌ ပစ်ချထားခဲ့သည်။ ဘိုးတော် မင်းတရားက လုံချည်ပိုင်ရှင်ကို ရှာဖွေစစ်ဆေး စစ်ဆေးကာ တောင်နန်း အပျိုတော်အဖြစ် ခန့်ထားလိုက်၏။

ဘိုးတော် ဘုရား၏ အမှတ်မထင် မြှောက်စားလိုက်သော လုပ်ရပ်မှာ အပျိုတော်တစ်ဦးအားခန့်ထားလိုက်သည်သာ မဟုတ်ပဲ မြန်မာ ရာဇဝင်ကို ပြောင်းပြန်လှန်ကာ အရှုပ်တော်ပုံဖန်တီးမည့် အဓိက ဇာတ်ဆောင်နှင့် ဒါရိုက်တာတစ်ဦး အား " နန်းတွင်းကို လာမွှေစမ်းဟေ့" လို့ လက်ယက်လှမ်းခေါ်လိုက်သလိုသာ ဖြစ်ပြီး ထိုမှ အစပြု၏။ ထိုသို့ ရောက်ရှိလာရာမှ မှန်နန်းရှင်ခေါ် ဘကြီးတော် စစ်ကိုင်းမင်းက အပျိုတော်များကြားထဲတွင် ထင်ထင်ရှားရှားဖြစ်နေသော မယ်နုကို ခေါ်ယူ မြှောက်စားခြင်းဖြစ်သည်။ နန်းမတော် မယ်နု၏ ရုပ်ရည် လက္ခဏာမှာ ရွက်ကြမ်းရေကျို အဆင့်လောက်သာရှိသော်လည်း ကိုယ်ဟန် အနေအထားမှာမှူ ပြေပြစ်လှပ တောင့်တင်း၍ သွားလာလုပ်ရှားမှူ ကိုယ်ဟန်အမှူအရာမှာလည်း သိမ်မွေ့၍ ထီးဟန် နန်းဟန် ရှိကြောင်းကိုတော့ ရာဇဝင်စာပေများ၊ အင်းဝရောက် အင်္ဂလိပ် သံအဖွဲ့များ၊ ကုန်သည် များ၏ မှတ်တမ်းတင်ချက်များတွင် ညီညွတ်စွာ မှတ်တမ်းတင်ခဲ့ပါသည်။

မယ်နုကို မြှောက်စားစဉ်က ဘကြီးတော် စစ်ကိုင်းမင်းမှာအိမ်ရှေ့မင်း ရာထူးသာ ရှိသေးပြီး မိဖုရား ခေါင်ကြီးမှာ ဆင်ဖြုရှင်မယ်ဖြစ်သည်။ မိဖုရားကြီး ဆင်ဖြူရှင်မယ် မှာရှေ့မှ ဘိုးတော်ဦးဝိုင်းမှာ (၁၇၈၂-၁၈၁၉)ထိ ၃၇နှစ်တိုင် အောင် တဝကြီး နန်းစံသွားလို့ မိဖုရားခေါင်ကြီး မဖြစ်လိုက်ပဲ သူကဦးအောင် အရင် သေရှာသည်။ ထို့ကြောင့် ဘိုးတော် ဦးဝိုင်းက အိမ်ရှေ့မင်း အား မဟာ ဆီ မဟာသွေး အချင်းချင်း အိမ်ထောင်ပြုလိုသည့် သဘောဖြင့် မက္ခရာ မင်းသားကြီး ၏သမီး တော်ဖြစ်သူ ပန်းတောင်း မင်းသမီးလေးနှင့် အိမ်ထောင်ပြုစေသည်၊ သို့သော်လည်း ထိုအချိန်က ပန်းတောင်းမင်းသမီးလေး၏ အသက်မှာ ၈နှစ်အရွယ်သာရှိသောကြောင့် လက်ထပ်ပွဲမှာ လက်ထပ်ပွဲနှင့် မတူပဲ ကလေးထိန်းပွဲနှင့် တူသည်ဟု နန်းတွင်း၌ ရယ်စရာသာဖြစ်တော့သည်။ ထို့ကြောင့်လည်း ဘကြီးတော် စစ်ကိုင်းမင်းကောင်းစားသည့်အခါ ဘိုးတော် ဦးဝိုင်းမှာကြားချက်ကို လျစ်လျှူရှူကာ မယ်နုကိုပင် တောင်ညာစံမိဖုရားကြီးအဖြစ် မြှောက်စားခဲ့ခြင်းဖြစ်ဟန်တူသည်။

"မြန်မာ့သမိုင်းတွင် ထိုသို့ အသက် ၈နှစ်အရွယ် ကလေးဘဝနှင့် အတင်းအကြပ် အိမ်ထောင်ပြုရခြင်းမှာ ဤ ပန်းတောင်းမင်းသမီးလေးမှာ ပထမဆုံး တော့ မဟုတ်ပါပေ၊အင်းဝခေတ် မှ အိမ်ထောင် ငါးဆက်ပြုခဲ့သည့် မိဖုရားကြီး ရှင်ဘို့မယ်သည်လည်း အသက်၈နှစ် အရွယ်မှာပင် အင်းဝဘုရင် မင်းခေါင်နှင့် ပထမ အိမ်ထောင်ကို ပြူခဲ့ရကြောင်းကို သတိချပ်သင့်သည်။ ဤကား စကားချပ်"

ထိုသို့ ပန်းတောင်းမင်းသမီးလေးမှာ ဤမှ ငယ်ရွယ်သော်လည်း မယ်နု အဖို့ မိမိ၏ ရာဇပလ္လင်ကို ထိပါးလာနိုင်မည့် ဆူးငြှောင့်ခလုတ်လေးကိုတော့ အလွတ်မပေး အခွင့်အခါရတိုင်း သတ်ဖြတ်ရန်သာ ချောင်းနေလေတော့သည်။ တစ်ခါသော် မယ်နု၏ လူများဖြစ်ကြသော မင်းလုလင်များမှ ပန်းတောင်းမင်းသမီးလေး အားဖမ်းကာ ကျွန်းသေတ္တာကြီးထဲထည့်၍ ပိတ်ထားရာ ဘယ်သူမှ ရှာမရ ဖွမရနှင့် နန်းတော်တစ်ခုလုံး ယောက်ယက်ခတ်ကုန်ပါတော့သည်။ နောက်ဆုံး မယ်နု၏ ရန်ဘက် သာယာဝတီ မင်းသားကြီး ကိုယ်တော်တိုင် လိုက်ရှာသည့်အခါတွင်တော့ သေတ္တာကြီး အတွင်းတွင် အသက်မျော့မျော့လေးသာ ကျန်တော့သည့် နှမတော် မင်းသမီးလေးကို တွေ့ကာ ကယ်တင်နိုင်တော့လေသည်။ သို့သော်လည်း ပန်းတောင်းမင်းသမီးလေးမှာ မယ်နုမှ လုပ်ကြံသည့်အထောက်အထားသာရှိပြီး လုပ်ကြံခံရပြီး သေသွားသည့်အထောက်အထားများကိုတော့ မတွေ့ရပါ။ နန်းတွင်းမှာလဲ အမျိုးနိမ့်သူ မိဖုရားခေါင်ဖြစ်လာတော့ ဓားထက်လို့သာ ကြောက်ရတယ် ဘယ်သူကမှ မယ်နုကို မကြည်ဖြူ မချစ်ခင်ပါဘူး။ ဒါ့အပြင် မယ်နုက သူ့မောင်အရင်းဖြစ်တဲ့ မောင်အိုကို စလင်းမြို့စားအရာထားပြီး နန်းတော်တွင်းမှာ သူရဲ့ အာဏာစက်ကို ခိုင်မာအောင် တည်ထောင် အားမွေးပါတော့တယ်။ "တို့ဘုရားလည်းမယားဘက်ခပ်ပါပါဆိုသလို" ဘကြီးတော် မင်းဟာလည်း သူ့ယောက်ဖ ကို မယားမျက်နှာနဲ့ မြှောက်စားလိုက်တာမှ ထိပ်တန်း မင်းညီမင်းသား စာရင်းသွင်း၊ လွှတ်တော်တက်ခွင့်ပေးတဲ့ အပြင် ရွှေထီး ရှစ်ချက်မိုး ခစားခွင့်ပေးပါတယ်။ ရှေးခေတ်က မင်းသားတွေရဲ့ အဆင့်အတန်းကို ဒီလို ထီးဆောင်း အရေအတွက် အနည်းအများကို လိုက်ပြီး ခွဲခြားလေ့ရှိပါတယ်။ ညီတော် သာယာဝတီမင်း တောင်မှ ထီးဆယ်ချက်ပဲ မိုးခွင့်ရှိတာဆိုတော့ သူ့ယောက်ဖ မောင်အိုဟာ သူ့ညီ အိမ်ရှေ့မင်းထက် မဆိုသလောက်သာ နိမ့်တယ် ဆိုတဲ့ သဘောပေါ့။၊ ဒီလိုနဲ့ မဟာဆီ မဟာသွေး မျိုးရိုးလည်းမပါ၊ အရည်အချင်းကြောင့် မြှောတ်စားခံတာလည်း မဟုတ် အမတော်မျက်နှာတစ်ခုတည်းကြောင့် နန်းတွင်းရောက်လာတဲ့ အရှင်မွေးလို့ နေ့ချင်းကြီး မောင်အိုဟာ တန်ခိုးထွားလာလိုက်တာမှ ကုန်းဘောင်မျိုးဆက်ကို အပြုတ်နှံပြီး သူကိုယ်တိုင် ဘုရင်တက်လုပ်ဖို့ ကြံပါတော့တယ်။ ဒါ့အပြင် နန်းမတော် မယ်နုကို မကျေနပ်သူတွေထဲမှာ ထိပ်သီး များဖြစ်တဲ့ ဆင်ဖြူမယ် ခမည်းတော် ပြည်မြို့စားနဲ့ ဘထွေးတော် တောင်ငူစားတို့ကို ဖမ်းဆီးချုပ်နှောင်၊ နောက်ပြီး တောင်ငူစားကို အဆုံးစီရင်လိုက်တဲ့ နောက်ပိုင်းမှာတော့ မည်သူမျှ တုပ်တုပ်မလှုပ်ဝံ့တော့ပါဘူး။ မိဖုရားနဲ့ ပတ်သက်တဲ့ နန်းတွင်းမကျေနပ်မှုလည်း ငြိမ်ဝပ်ပိပြား သွားခဲ့ပါတယ်။ နန်းမတော် မယ်နု မိဖုရားဖြစ်ချိန် တစ်လျှောက်လုံး နီးပါ ဟာ နိုင်ငံရေး လုံးဝ မငြိမ်သက်ခဲ့ ပါဘူး။

ဒီနေရာမှာ စာရှူသူတို့ နားမရှင်းမှာစိုးလို့ အဲဒီခေတ်က နိုင်ငံရေး အခင်းအကျင်း နဲ့ ကြီးသုံးကြီးတို့ ပါဝါ ပြိုင်ကြပုံကို ကြိုရှင်းထားပါရစေ။ ဘကြီးတော် မင်းပြီးနောက် နန်းညွန့်နန်းလျာ ဆက်ခံဖို့ အခွင့်အရေး ရှိသူထဲမှာ သာယာဝတီမင်းကတော့ ထိပ်ဆုံး ကပင်။ သူ့မှာ သူကိုယ်တိုင်လဲ လက်ရုံးရည်နဲ့ ပြည့်စုံသလို နောက်လိုက် အင်အား မိုက်ခဲများမှာလည်း ဇ မသေးလှ၊ သူ့ကိုသစ္စာခံသည့် နယ်ပယ်များမှာလည်း အများကြီးပင်၊ ထို့ကြောင့် ယနေ့ခေတ်စကားနဲ့ ပြောရရင် လက်နက်အာဏာ(Military Power) ပိုင်ဆိုင်သူ ပေါ့။

နံပတ်နှစ်ကတော့ မယ်နု၏မောင် စလင်းမင်းသားကြီး မောင်အို သူကတော့ နန်းတွင်းမှာ လွှတ်ရုံးတတ် အခွင့်အရေး ရာထူး အတင်အချကိုလဲ စိတ်ကြိုက်ပြုလုပ်နိုင်သည့်အပြင် ဓားထက်လှသည့်အတွက် မှူးမတ်များ၊ အရာရှိအရာခံ များကိုပါ အိတ်ထဲထည့် လက်ခုပ်ထဲက ရေဖြစ်အောင်စီရင်ထားနိုင်သည့် နိုင်ငံရေး အာဏာ(Political Power) ပိုင်ဆိုင်သူ

နံပါတ်သုံး စကြာမင်းသားခေါ် ညောင်ရမ်းမင်းသားလေးမှာတော့ မွေးဖွားစဉ်က စကြဝတေးမင်းတို့ ဘုန်းကြီးသည့်လက္ခဏာရပ်များဖြစ်ကြသော ဥက္ကာပျံ ငလျင်လှုပ် တော်လဲမြည် ၊လက်ဝါးများတွင် ..ခရုပတ်.. နှင့် ..မှဲ့ရှင်.. များ ထူးခြားထင်ရှားစွာ တွေ့ရ။ အချင်းစလွယ်သိုင်း။ ခုနစ်ရက်ရလျှင် မယ်တော် ကွယ်လွန်။ ဖွားဖက်တော် ခုနစ်ဦးလည်း ပေါ်။ရုပ်ရည် လက္ခဏာအနေဖြင့်လည်း အင်မတန် ချောမောလှပ၍ နန်းတွင်းသူ နန်းတွင်းသားများ ၊ အောက်ခြေ ပြည်သူများက အလွန် ချစ်ခင် နှစ်သက်ကြသည့် မင်းသားလေး ၊တနည်းဆိုရသော် ပြည်သူ့အင်အား ၊လူထုအင်အား(People Power) ရှိတဲ့ သူ

သို့သော်လည်း နောက်ဆုံးမှာတော့ အချင်းချင်း အာဏာရူးနှင့် စိတ်ကူးယဉ်မှူ တို့ကိုသာ အခြေခံသည့် မောင်အို၊ မယ်နုနှင့် စကြာမင်းသားလေးတို့မှာ ရေချကွပ်မျက်ခြင်းသာ ခံလိုက်ရပြီး လက်တွေ့ဆန်လှသည့် သာယာဝတီမင်း၏ လက်နက်အာဏာ(Military Power) သည်သာလျှင် အားလုံးကို သိမ်းကျုံးကာ ဆော်ပလော်တီးသွားသည်ကိုတွေ့နိုင်သည်၊ ခေတ်တွေ အလီလီ ပြောင်းလာခဲ့ပြီဖြစ်သော်လည်း သဘော သဘာဝမှာမူ လက်တွေ့ ဆန်ဆန်ရှိနေသေးသည်ကို ကျွန်တော်တို့ မြန်မာပြည်သူများ သတိကြီးစွာ ထားသင့်ပေသည်။ ဤကား စကားချပ်

"မယ်နုနှင့် ကောလဟာလ"

အချို့သော မှတ်တမ်းမှတ်ရာများတွင် မယ်နုသည် စုန်းမကြီးဖြစ်သည်။ စုန်း အတတ်နှင့် လင်ဖြစ်သူ ဘကြီးတော် စစ်ကိုင်းမင်းအား ပြုစားထားသည်။ စလင်းမင်းသားကြီး မောင်အိုမှာလည်း မောင်အရင်း မဟုတ်၊ ငယ်ရည်းစားဖြစ်သည်ဟု ပါးစပ် ရာဇဝင်များဖြင့် အတော်ပင် ပြောကောင်းဆိုကောင်းရှိကြ၏။တကယ့်တကယ်တမ်း ဆင်ခြင်သုံးသပ်ကြည့်ရာတွင် ထိုခေတ်ထိုအခါကတည်းက မိမိ၏ နိုင်ငံရေးပြိုင်ဘက်ကို အလဲထိုးရာတွင် ဝါဒဖြန့်မှူများ(propaganda)လည်း ရှိရ၏။ ယနေ့ခေတ်လို မီဒီယာ၊ဂျာနယ်၊အင်တာနက်တို့ ဖေ့ဘုတ်တို့ မပေါ်သေးသော ကာလဖြစ်သောကြောင့် ဖေ့ဘုတ်ပေါ် ပို့စ်တင်ရုံဖြင့် မဖြစ်နိုင်။ အကောင်းဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းမှာ လူများအကြား အတင်းလည်တုတ်တတ်သော လူများ ငှါးရမ်း၍ အရပ်တကာလှည့်ကာ မိမိပြိုင်ဘက် ၏ငယ်ကျိုးငယ်နာဖော် အတင်းတုတ်ပြီး ကောလဟာလ ဖြန့်ခြင်းပင်ဖြစ်သည်။ ထိုထက် ကောင်းသောနည်းလမ်းတစ်ချို့မှာကား လက်စလက်နရှိသော တေးထပ်ဆရာ သီချင်းရေးဆရာ များကို အသုံးပြုကာ ကိုယ်အလိုရှိရာကို အတိတ်နိမိတ်ပြ တဘောင်လိုလို တေးထပ်လိုလို ဖြင့် လူအများ ပါးစပ်ဖျားတွင် စွဲသွားအောင်ပြုလုပ်ခြင်း၊ နန်းတွင်း ရုပ်စုံ အငြိမ့်များတွင် သီချင်းလုပ်ဆိုစေ၍ ရှင်ဘုရင် နားထိ ပေါက်ရောက်အောင် ပြုလုပ်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ထို ကောလဟာလ များမှာ သာယာဝတီမင်းဘက်မှ မယ်နုအားနည်း လျော့ပါးစေရန် ပြုလုပ်ခဲ့သော ကောလဟာလများကို နှောင်းလူတို့မှ အဟုတ်ကြီးမှတ်ကာ ပြောဆိုနေခြင်းသာဖြစ်တန်ရာသည်။မယ်နုတို့ဘက်မှလည်း သာယာဝတီမင်းအား သူခိုး၊ဓားပြ တေလေ ဂျပိုးများအား နောက်လိုက်အဖြစ် မွေးစားကာ ရှင်ဘုရင်ကို ပုန်ကန်ဖို့ကြံစည်နေကြသည်ဟု သတင်းလွှင့်ခဲ့ကြသည်မဟုတ်ပါကလား။

"နန်းတွင်း ထိုင်ခုံလုပွဲနှင့် ပထမ အင်္ဂလိပ် - မြန်မာစစ်"

ဘကြီးတော်မင်း ဘိသိက် မင်္ဂလာ ဆင်ယင်သောအခါ၌ မဏိပူရ ရာဇာ မတက်ရောက် ခြင်းသည် မြန်မာတို့ကို မထီလေးစား ပြု၍ ပုန်ကန်ခြင်း ဖြစ်သည်ဟု နန်းတွင်းကလွဲ၍ ပထဝီ နိုင်ငံရေး မသိရှာပဲ သွေးနားထင်ရောက်နေကြသော မယ်နု၊မောင်အိုတို့ လူစုမှလည်း စစ်ကိုင်းမင်းအား ကျပ်ပေးကြ၏။ ထိုသို့ ဆေးထိုးခံ၊ အောက်စီဂျင် အပေးခံပြီး ဉာဏ်နည်းလွန်းလှသော ဘုရင်လုပ်သူကလည်း နောင်ကျဉ် သွားစေရန် မဏိပူရ စော်ဘွားကို သင်ခန်းစာ ပေးရမည် ဖြစ်၍ မြန်မာ တပ်ကြီးကို မဏိပူရသို့ "သွားကာ တိုက်စေ" ဆိုပြီး အမိန့်ပေးပါတော့သည်။ ထို စော်ဘွား နောင်ကျဉ် မကျဉ်တော့ မသိ၊ ထိုပြဿနာမှ အစ ပြုကာ အင်္ဂလိပ်တို့နှင့် နယ်စပ်ပြဿနာ အစပျိုး၍ ပထမ အင်္ဂလိပ် - မြန်မာ စစ်ဖြစ်ရကာ အာသံ၊ မဏိပူရ သာမက ရခိုင်နှင့် တနင်္သာရီဒေသ ပါ အဆစ်ပေးလိုက်ရသည့် အပြင် စစ်လျော်ကြေး ၁ ကုဋေ အရစ်ကျနှင့် ရန္တပိုစာချုပ်ပါ အချက်များကို အောင့်သက်သက်နှင့်လိုက်နာခဲ့ရသည်သာ အဖတ်တင်သွားရ၏။

စစ်စဖြစ်ချိန်က သာယာဝတီမင်းသားက အောက်ပြည်အောက်ရွာကိုကာကွယ်လိုကြောင်း သူစုဆောင်းထားသည့်လူသူများနှင့် ရန်ကုန်သို့ချီတက်လာသည့် အင်္ဂလိပ်စစ်သင်္ဘောများကို ခုခံတိုက်ခိုက်လိုကြောင်းတင်ပြ၏။ နောင်တော် ဘုရင်ကလည်း သဘောတူကာ အမြန်စေလွှတ်စေချင်၏။ သို့သော်လည်း ရန်ဘက် စလင်းမင်းသားကြီးမောင်အိုနှင့် မှူးမတ်များက သာယာဝတီမင်းသားအား လက်နက်ဆင်၍ လွှတ်လိုက်လျှင် ပုန်ကန်ကာ မိမိတို့ ခေါင်းပြတ်မည်ကို အင်္ဂလိပ် အရေးထက် ပိုပြီးကြောက်ကြ၏။သဘောမတူကြ။နောက်ဆုံးတွင်တော့ ယောက်ဖတော် ဦးအိုတို့ဘက်မှ စကား အနိုင်ရကာ သူတို့လူ မဟာဗန္ဒုလ ပြန်လာသည် အထိ စောင့်ပြီးမှ သွားရောက် တိုက်ခိုက်စေဟု မယုတ်မလွန် အမိန့်ချလိုက်လေသည်။သို့ဖြင့်ပင် ရခိုင်မှ ပြန်လာသည့် ဗန္ဒုလကို စောင့်ရင်း ၅လ မကြာသင့်ပဲ ကြာသွားခဲ့သည်။ ထိုသို့ အချိန်အတွင်း အင်္ဂလိပ်တို့ကလည်း ရွှေတိဂုံ ကုန်းတော်တစ်ဝိုက်ကို အခိုင်အမာ တပ်စွဲပြီး ဖြစ်ကာ အထက်မှ ဆင်းလာသည့် မြန်မာတပ်များကို အမြောက်နှင့် ဆီးကာ ထုရုံနှင့် ပင် အသာစီးရသွားတော့သည်။ လက်တွေ့တင်မူ သာယာဝတီမင်းလို မင်းသားကြီးတစ်ပါးက သူ့လူတစ်သောင်းနှင့် အောက်အရပ်မှ လှည့်ဝင်လာသော အင်္ဂလိပ်တပ်များကို ဆီးကြိုတိုက်ခိုက်ပါမူ မြန်မာတို့ ဘက်မှ အလုံးစုံ မနိုင်စေကာမူ ဤမျှလောက် သိက္ခာကျစရာ အကြောင်းမရှိ။ မြန်မာတို့ထက် သာလွန်ကောင်းမွန်သော အင်္ဂလိပ်တို့၏လက်နက်များကို နဖူးတွေ့ ဒူးတွေ့ တွေ့လိုက်ရသော သာယာဝတီမင်းသားကြီးက စောစောစီးစီး စစ်ပြေငြိမ်း ရန် နောင်တော်ဘုရင်ထံတင်ပြ၏၊ သို့သော်လည်း မောင်အို၊မယ်နုတို့မှ လက်မခံပဲ စစ်ကိုသာ ထပ်တိုးတိုက်ရန် နန်းတွင်းမှ အခန့်သား အမိန့်သာတွင်တွင်ပေး၏။ ထိုမျှမကသေးဖမ်းမိသော အင်္ဂလိပ်စစ်သုံ့ပန်းများအား သာယာဝတီမင်းသားက ကောင်းစွာထားလိုသော်လည်း မယ်နုတို့မှ တိတ်တဆိတ်သတ်ရန် ကြံသည်။ ထို့အတွက် နောက်ဆုံး ရလဒ်ကား အပြောကြီးသော ဗန္ဒုလလည်း ဓနုဖြူမှာ ကျ၊ အင်္ဂလိပ်တပ်တွေလည်း နေပြည်တော်နှင့် မိုင်၄၀သာဝေးသည့် ရန္တပိုရွာသို့ ရောက်တော့မှသာလျှင်ညီတော် သာယာဝတီမင်း၏ စကားကိုနာခံပြီး အပြေးအလွှား စစ်ပြေငြိမ်းရေး စာချူပ်ချုပ်ရတော့၏။

ထို အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲတွင် ထူးခြားချက်မှာကား ရခိုင်တိုင်းရင်းသားတို့သည် အင်္ဂလိပ်တို့ဘက်မှ စစ်ကူပေး၍ မြန်မာတို့အားပြန်လည်တိုက်ခိုက်ကြသည်။ ဗြိတိသျှတို့သည် မြန်မာတို့အား တိုက်ခိုက်မည့်ရခိုင် စစ်တပ် တတပ်ကိုပင် ဖွဲ့စည်းနိုင်ခဲ့သည်။ သို့သော် ရခိုင်သားတို့သည် ရခိုင်ဒေသမှ မြန်မာတို့ ထွက်ခွာ သွားစေရန်ကိုသာ အလိုရှိသူများ ဖြစ်၍ မြန်မာတို့ ဆုတ်ခွာရလျင်ပင် ဗြိတိသျှ အုပ်ချုပ်မှုကိုလည်း အလိုမရှိ ဖြစ်ကြသော်လည်း အလွန်နောက်ကျသွားပြီဖြစ်ကာ ရခိုင်သားတို့မှာ ဘကြီးလည်း မမှီ ၊ထီးတင်ပွဲလည်း မတွေ့ ဖြစ်သွားရရှာတော့သည်။

"မယ်နုတို့ တန်ခိုးထက်ပြီ"

သာမန် အရပ်သူမှ ပြည့်ရှင်မင်း၏ အချစ်တော်ဖြစ်ပြီး နောက်ပိုင်းတန်ခိုးထက်ပုံကတော့ မြန်မာတစ်နိုင်ငံလုံး" နု "ဆိုတဲ့ စကားလုံးကိုတောင် ပြည်သူများ သုံးစွဲခွင့် မရှိခဲ့ပါဘူး ။၊မန်ကျည်းရွက်တွေကို ခေါ်ရင်တောင်မှ နုနု ထွဋ်ထွဋ် ဆိုတဲ့ စကားလုံး အစား အိအိ ထွဋ်ထွဋ် လို့သာ သုံးနှုံးရမယ် ဆိုသတဲ့။ အဲဒီ အရင် ဘိုးတော်ဘုရားလက်ထက်တုန်းကတော့ ပလ္လင်ပေါ်မှာ ဘုရင်နဲ့ မိဖုရားနှစ်ပါး လူရှေ့သူရှေ့မှာ တွဲထိုင်ပြီး အပူဇော်ခံလေ့မရှိပါဘူး။ အဲဒီဓလေ့ထုံးစံလည်း မယ်နုလက်ထက်လောက်မှာ တော်လှန်ခဲ့လို့ ပျက်ရတယ်နဲ့ တူပါတယ်။ အင်္ဂလိပ် သံအဖွဲ့ လာရောက်စဉ်က ပလ္လင်ပေါ်မှာ ဘုရင်၊မိဘုရားပါ မကလို့ ကြားမှာ သမီးတော် ဘုစုခရုလေးပါတက်ထိုင်နေတာကို မှတ်တမ်းတင်သွားခဲ့တယ်။

ဘကြီးတော် စစ်ကိုင်းမင်းနှင့် နန်းမတော်မယ်နု၌ သားသမီး သုံးပါးထွန်းကား၏၊ 
(၁) သမီးတော် ကြီး ငယ်စဉ်က လွန်
(၂) ပလိုင်းရွာစား လေး ကျောက်ရောဂါဖြင့်ပင် အသက် ၆နှစ်၌ ကွယ်လွန်ပြန်
(၃) ငယ်အမည် မယ်သဲ( နောင်အခါ မင်းတုန်းမင်း၏မိဘုရား ဆင်ဖြုမရှင်ဟု ဖြစ်လာမည့်သူ) တို့ပင်ဖြစ်သည်။

မယ်နု အနေဖြင့် အတ္တကြီးခြင်း၊ မကောင်းကြံစည်ခြင်းတို့ကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော်လည်း သာသနာတော် အတွက် ချီးမြှင့်ခဲ့သော ကုသိုလ်တော်များလည်း မနည်းလှပါ။
(၁) အမရပူရ ပုထိုးတော်ကြီး
(၂) အင်းဝ နန်းတွင်း မှ အုတ်ကျောင်း
(၃)မဟာ သကျသီဟ ရုပ်ပွါးတော်
(၄)စစ်ကိုင်းမှ ရှင်ဖြူ ရှင်လှ စေတီနှင့် စောင်းတန်း
(၅)အမရပူရမှ ကြေးချိန် တစ်သိန်း ခေါင်းလောင်း
(၆)ဖလံခုံ ရွာ အနောက်တိုက် ဘုရားကြီး
(၇) ဗုဒ္ဓဂယာမှ မြန်မာ ဇရပ်တို့ပင်ဖြစ်သည်။

"မယ်နု၏ဇာတ်သိမ်း"

ဘကြီးတော် စစ်ကိုင်းမင်းသည်လည်း ပထမ အင်္ဂလိပ်မြန်မာ စစ်ပွဲ နောက်ပိုင်းတွင် စိတ်နောက် ရှုပ်ထွေးကာ သူ့လက်ထက်တွင်မှ ကုန်းဘောင်ဆက် မြန်မာနိုင်ငံတော်ကြီး တစစီပဲ့ထွက်ရပါသည်ဟု စိတ္တဇ ဝေဒနာ စွဲကပ်ကာ အုပ်ချုပ်ရေးပိုင်းကို မကိုင်တွယ်နိုင်တော့ပဲ အစစအရာရာကို မယ်နုနှင့် စလင်း မင်းသားကြီးမောင်အိုတို့ဖြင့်သာ လွှဲအပ်ထားလေတော့သည်။ မိမိရဲ့ ဆူးငြှောင့် ခလုတ်ဖြစ်တဲ့ သာယာဝတီမင်းကို ရှင်းချင်နေတဲ့ မောင်အိုတို့ လူစုအတွက်တော့ အကြိုက်ပေါ့။ထုံးစံ အတိုင်း ပါပဲ။ ဓားမြမှူဖြင့် အမှူဆင်ကာ သာယာဝတီမင်း၏ ညီမတော် အရင်း ပုဂံမင်းသမီး၏ ကျွန်အား မောင်အိုတို့လူစုမှ အမှူဆင် ဖမ်းရာတွင် ပါးနပ်သော သာယာဝတီမင်းက မောင်အိုတို့ လူစုလက်မဦးခင် ရွှေဘိုသို့ သွားရောက် ရှောင်တိမ်းကာ စတင် ပုန်ကန်ပါတော့သည်၊ အဆုံးတွင်တော့ ပုန်ကန်မှူ အောင်မြင်ပြီး ဘကြီးတော်စစ်ကိုင်းမင်းသည်လည်း နန်းကျ မယ်နုနှင့် အတူ အကျယ်ချုပ်စံရ၊ မောင်အိုတို့ လူစုမှာလည်း ထောင်ထဲရောက်နှင့် ဇာတ်သိမ်းရတော့သည်။ ဒါတောင်မှ အင်္ဂလိပ်တို့ကို စာလွှတ်ဆက်သွယ်၍ အင်္ဂလိပ်တို့ အလိုရှိသမျှ အကုန်ပေးပါ့မည်။ ညီတော်အား အမြန်လာတိုက်၍ ဘကြီးတော်အား ပြန်လည်နန်းတင်ပေးရန် အကြံကြီးလိုက်ကြသေး၏၊သို့သော်လည်း အင်္ဂလိပ်တို့က နန်းကျဘုရင်တပါးအနေဖြင့် ဂရုပင် မစိုက်တော့ပဲ ဘာအကြောင်းမှမပြန်တော့သဖြင့် ခဲလေသမျှ သဲရေကျရလေတော့သည်။ သာယာဝတီမင်းလည်း သဘောထားကြီးစွာဖြင့် ကောင်းမွန်စွာ ထားသော်လည်း အငြိမ်မနေ အပြင်မှ မောင်အိုတို့ နောက်လိုက်များက ပုန်ကန်ကြသောကြောင့် အမရပူရမြို့ အကျဉ်းထောင်တွင် ချုပ်ထားသော စလင်းမင်းသားကြီး မောင်အို၊ မယား၊ သမီး၊ အတွင်းဝန် ငပါရောက်၊ မြို့လယ်ဝန် ငရေး၊ သံတော်ဆင့် ငရွှေ သာ၊ ပခန်း ငရံမင်း၊ စာရေးကြီး ငပျို၊ တောင်ငူဝန် ငကူး၊ အဆောင်မြဲ ငထွန်းညိုတို့ကို သက္ကရာဇ် ၁၂၀၂ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်နေ့တွင် အပြစ်နှင့်အညီ တသီတတန်းကြီး ကွပ်မျက်လိုက်ခြင်းခံရပါသည်။

အကောင်းမြင် ရှူထောင့်နဲ့ ကြည့်ရရင် မယ်နုကိုတော့ သေခါနီး မင်းမျိုးမင်းနွယ် အဖြစ် အသိအမှတ်ပြုလိုက်ပြီး မဟာဆီ မဟာသွေး မြေမကျရစေရန် ရေတွင် ဖျောက်ဖျက်ဖို့ အမိန့်တော်ရှိ၏။ မယ်နုကို ရေချဖို့ လမ်းတွင်ခေါ်လာရာတွင် တငိုငိုနှင့် လိုက်ပါလာသော သမီးတော် မယ်သဲလေး(နောင်တွင် ဆင်ဖြူမရှင်)အား လမ်းတွင် ပုဂံမင်း၏ နှမတော်၊ မင်းတုန်းမင်း၏ မိဘုရားခေါင်ကြီးဖြစ်လာမည့် စကြာဒေဝီ မိဘုရားမှ လမ်းတွင် ဆွဲယူကာ မွေးစားခဲ့ရလေသည်။ နောက်ဆုံးအနေဖြင့် မယ်နုမှာ မိမိကိုးကွယ်သည့် ဆရာတော်ဦးဗုဒ်အား ဖူးမြှော်ခွင့်ကို မြို့ဝန်နှင့် အာဏာပါးကွက်သားတို့အား ခွင့်တောင်းရာ ခွင့်ပြုသောကြောင့် ကျောင်းသို့ရောက်အောင်ပို့ဆောင်လေ၏ ။မယ်နုကျောင်းသို့ရောက်သော အခါ ဆရာတော်မှာ စာကြည့်နေခိုက်ဖြစ်၏။မယ်နုမှ ဆရာတော် အား နောက်ဆုံးဖူးမြှော်အောင် လာရခြင်းဖြစ်ကြောင်း လျှောက်ထားရာ ဆရာတော် ဦးဗုဒ်မှ ရာဇဝင် တွင်မည့်တရားကို ဤသို့ တိုတိုတုတ်တုတ် ဟောတော်မူ၏။

"ဟဲ့ မိနု၊ သူ့ကြွေးရှိရင် ဆပ်ရလိမ့်မည်" ဟူသတဲ့။

မယ်နုလည်း ဦးချပြီး ပြန်ဆင်းလာရာ လှေကားအရောက်တွင် "တော်ပြီ၊ ငါသေဝံ့ပြီ၊ ငါသေရဲပြီ၊ငါသေပျော်ပြီ၊ ဆရာတော်ဘုရားကိုနှစ်ပေါင်းများစွာ ကိုးကွယ်လာတာ ဘယ်အခါမှ ငါ့နာမည်တပ်၍ စကားမပြောဖူးဘူး။ ဤကဲ့သို့ စာကြည့်ရာမှနေ၍ငါ့ဘက်သို့ လှည့်၍ကြည့်သည်ဟူ၍လည်းမရှိ၊သည်ကနေ့မှပဲ ငါ့ဘက်လှည့်တယ်။ ငါ့နာမည်ကို ခေါ်တော်မူတယ်။ဟောလိုက်တဲ့ တရားကလည်း ဟဲ့ မိနု၊ သူ့ကြွေးရှိရင် ဆပ်ရလိမ့်မည် တဲ့။တော်ပြီ၊ သေလမ်းဖြောင့်ပြီ၊ ငါ့ကိုဆရာတော်က သေစရိတ်ပေးလိုက်ပြီ" ဟု ထပ်တလဲလဲပြောကာ ဝမ်းမြောက်ဝမ်းသာစွာနှင့်ပင် အာဏာပါးကွက်သားတို့၏ ခေါ်ဆောင်ရာကို ပျော်ပျော်ကြီးလိုက်ပါသွားလေတော့သည်။

တစ်ချိန်က နန်းတွင်း၌ ဓားထက်ခဲ့သော မိဖုရားခေါင်ကြီး နန်းမတော်မယ်နုမှာကား သူနှင့် သူ၏ လင်တော်မောင် ဘကြီးတော် စစ်ကိုင်းမင်း၏ အကျယ်ချုပ်စံမြန်းရာ နန်းတွင်းအိမ်တော်နှင့် သိပ်မဝေးလှသော တောင်သမန် အင်းရေပြင်ရဲ့ အရှေ့မြောက်ထောင့် မယ်ဘယက်ကုန်းကမ်းစပ်မှာ ကတ္တီပါအိတ်အနီအတွင်း ထည့်သွင်းပြီးရေချကွပ်မျက်ခဲ့ပါတော့သည်။ ဤတွင် ပြီး၏။ ဆက်ရန် အပိုင်း(၂) အပိုင်း(၃)တို့ကိုတော့ မကြာမှီ အတွင်း ရေးသားတင်ဆက်ပါ့မည်ဖြစ်သည်။

ကိုးကား
-မြန်မာနိုင်ငံရေး သမိုင်း ဒုတိယတွဲ၊ပထမပိုင်း
-ညိုမြ (ကုန်းဘောင်ရှာပုံတော်)
-ကုန်းဘောင်ခေတ်စစ်တမ်း (မောင်သော်)
-ဒဂုန်ခင်ခင်လေး(ရာတနာပုံ၏ နိဒါန်းနှင့် နိဂုံး)

လေးစားစွာဖြင့်
အတီး(ဝါးလုံးရှည်)


Wednesday, September 25, 2013

on Leave a Comment

သီပေါမင်း ၏ နှမတော် အရင်းဖြစ်သော မိတ္ထီလာ စုဖုရားလေး



သီပေါမင်းတွင် မောင်နှမ အရင်း သုံးယောက်ရှိသည့်အနက်မှ အထွေးဆုံး နှမတော် ဖြစ်သည်။

ခမည်းတော် မင်းတုန်းမင်းကြီးနှင့် မယ်တော် လောင်းရှည် မိဖုရားတို့တွင် သားတော်၊ သမီးတော် လေးပါးထွန်းကားခဲ့ရာ အကြီးဆုံး သမီးတော် ချွန်းတော်မြို့စား၊ (နောက်) မိုင်းကိုင်းမြို့စား မင်းသမီး သုသီရိပဘာဝတီ မှာ အသက်(၈)နှစ် အရွယ်ကပင် ကံကုန်တော်မူသွားသည်။ ဒုတိယသမီးတော်မှာ သုသီရိ ရတနာဒေ၀ီ ဖြစ်၍ မောင်တော် သီပေါမင်း လက်ထက်တွင် ပုခန်းကြီးမြို့စား ပေး၍ ပုခန်းကြီးစုဖုရားကြီးဟု ထင်ရှားလေသည်။ တတိယနှင့် နို့ညာမှာ သီပေါမင်း ပင်ဖြစ်၍ ဓာတ်ပုံထဲမှ မင်းသမီးလေးမှာ စတုတ္ထနှင့် အထွေးဆုံး သမီးတော် သီရိသုရုဇာဝတီ နောင် တော် သီပေါမင်း လက်ထက် တွင် မိတ္ထီလာမြို့ကို မြို့စားပေး၍ မိတ္ထီလာ စုဖုရားကလေး ဟု ထင်ရှားလေသည်။ မိခင် ဖြစ်သည့် လောင်းရှည် မိဖုရားမှာသည် ရှမ်း အနွယ်ဖြစ်၍ သီပေါမင်းတို့ မောင်နှမ တစ်သိုက်မှာ ရှမ်း မြန်မာ ကပြား များပင်ဖြစ်သည်။

မိတ္ထီလာ စုဖုရားလေးသည် သီပေါမင်း ပါတော်မူချိန် ၁၈၈၅ ခုနှစ်တွင် အသက် ၂၆ နှစ် ရှိပြီဟု ဆိုသောကြောင့်မွေးသက္ကရာဇ်မှာ အင်္ဂလိပ် သက္ကရာဇ် ၁၈၅၉ ခုနှစ် ဟု အနီးစပ်ဆုံး ခန့်မှန်းနိုင်သည်။ပါတော်မူစဉ်က သီပေါမင်း၏အစ်မတော် ပုခန်းကြီး စုဖုရားကြီး နှင့် ညီမတော် မိတ္ထီလာ စုဖုရားကလေးတို့သည် ဗြိတိသျှအစိုးရက အိန္ဒိယသို့ အတူလိုက် မလိုက် မေးတော်မူသေးသည်။ သို့ရာတွင် မင်းသမီးများက "မလိုက်လို" ဟု ငြင်းကာ မန္တလေး တွင် ဆက်နေခဲ့ပြီး အခြားမိဖုရား၊ မင်းသား၊ မင်းသမီး များကဲ့သို့ နယ်ပြောင်း မခံကြရပေ။ အင်္ဂလိပ်တို့ အုပ်ချုပ်စဉ် အတွင်း မင်းဆွေ မင်းမျိုး များအား ပင်စင်လစာ သတ်မှတ်ရာတွင် ပထမတန်းစား မင်းသမီးများ အဖြစ် သတ်မှတ်ခံရပြီး တစ်လ ရူပီငွေ ၁၅၀ ရသည်။ ၁၉၀၁ ခုနှစ်မှစ၍ ရူပီငွေ ၃၀၀ စီ တိုးမြှင့်ပေးလေသည်။ ပါတော်မူစဉ်က နှမတော်များမှာ အပျိုစင် မင်းသမီးများဖြစ်ကြကာ အမတော် ပုခန်းကြီး စုဖုရားမှာ သီပေါစော်ဘွားကြီး စောခွန်ဆိုင်နှင့် လက်ဆက်ကာ မဟာဒေဝီဖြစ်သွားပြီး မန္တလေးမြို့ဆိုင်းတန်းရပ်၌ စော်ဘွား တော်ကြီး က အုတ်တိုက်တော်ကြီး တည်ဆောက်ပေး၍ အခြွေအရံများနှင့် တခမ်းတနား စံရသည်။ပုခန်းကြီး စုဖုရားကြီး သည် သီပေါစော်ဘွားကြီး နှင့် သားသမီးရတနာ မထွန်းကား၍ ဤတွင် မျိုးဆက်ပြတ်လေသည်။

ပုံပါ မိတ္ထီလာ စုဖုရားလေး သည် သူမ၏အပျိုတော် ခင်လေးပု ၏မောင် မောင်ကျော်လှိမ့် ဆိုသူနှင့် နီးစပ်ခါ လက်ဆက် ခဲ့ပြီး သားတော် သမီးတော် လေးဦး ထွန်းကားခဲ့သည်။(၁)သမီးတော်ကြီး၊ (၂)သမီးတော်လတ်၊ (၃)သားတော်ကြီး၊ (၄)သမီးတော်ကလေးဟု အမည်တွင်ကြလေသည်။ မိတ္ထီလာစုဖုရားကလေး သည် ငယ်ငယ်ရွယ်ရွယ် သက်တော် ၃၆ နှစ်တွင် ၂၉ လမ်းထောင့် ကျောက်သွေးတန်း နေအိမ်တော်တွင်ပင် ကံကုန်တော်မူသည်။ ကျန်ရစ်သည့် သားတော်၊ သမီးတော် များကို အဒေါ်ဖြစ်သူ ပုခန်းကြီးစုဖုရားကြီး ကပင် ကြည့်ရှုစောင့်ရှောက်ခဲ့ပြီး ဆိုင်းတန်းရှိ အစ်မ တော် ဘုရားဝင်း အုတ်တိုက်တော် သို့ ခေါ်ယူကာ အမွေစား အမွေခံ အဖြစ် မွေးစားခဲ့လေသည်။

သမီးတော်ကြီးဆိုသူမှာ မြို့အုပ် ဦးမောင်ကလေး နှင့် လက်ဆက်သည်။ သားသမီးမထွန်းကားပေ။ သမီးတော်လတ် မှာ ထိပ်တင်ဦးကြီး ဆိုသူ နှင့် လက်ဆက်သည်။ ပုခန်းကြီး စုဖုရားကြီး ကံကုန်တော်မူ၍ စုဖုရားကြီး၏ ကျန်ရစ်သော အမွေပုံ နှင့် ပတ်သက်၍ အမွေမှု မန္တလေး၌ဖြစ်သည်။ တစ်ဖက်က အိန္ဒိယမှ မောင်တော်ရင်း သီပေါမင်းမှ တစ်ဖက် ၊ အမွေစား အမွေခံ သမီးတော်ကြီးနှင့် ခင်ပွန်း ဦးမောင်ကလေးတို့က တစ်ဖက်ဖြစ်၏။ ကြီးတော် ဖြစ်သူ၏ အမွေကို အမွေစား အမွေခံ တူမ အရင်း နှင့် ဦးလေးဖြစ်သူတို့ ဆွေမျိုး အချင်းချင်း ဖြစ်ကြရ သော အမွေမှူပင်ဖြစ်သည်။ သီပေါ မင်း ကိုယ်စား မြန်မာ နိုင်ငံမှ နေ၍ မင်းတုန်းမင်း၏ သမီးတော် ချွန်းတောင်ထိပ်ခေါင်တင်၊ လှေသင်းအတွင်းဝန်နှင့် ၀က်မစွတ်ဝန်ထောက်တို့က ဆောင်ရွက် ရသည်။ အဆုံးသတ်တွင်တော့ သီပေါမင်းဘက်မှ ကလေးတွေနှင့် ဖက်မဖြစ်တော့ ဟူ၍သာ သဘောပိုက်ကာ အရေးတယူ ဆောင်ရွက် အမှူ ဆိုင်ချင်း မပြုခဲ့တော့ပေ၊ ဥပဒေ ကြောင်း အရလည်း တူမတော်တို့အား ပုခန်းကြီး စုဖုရားကြီးမှ အမွေ စား အမွေခံ အဖြစ် မွေးစားပြီးဖြစ်၍ သမီးတော်ကြီးတို့ဘက်မှပင် အနိုင်ရမည်ဖြစ်သည်။ ထိုသို့ သီပေါမင်း နှမတော် မိတ္ထီလာစုဖုရားကလေး၏ သားသမီးများသည် ပုခန်းကြီး စုဖုရားကြီး၏ အမွေမှု ကြောင့် တစ်ဖက်နှင့်တစ်ဖက် တင်းမာသွားပြီး ကင်းကွာသွားကြပုံရသည်။ သို့သော်လည်း သီပေါမင်း တရား နတ်ရွာစံပြီးနောက် စုဖုရားလတ် မြန်မာပြည်သို့ ပြန်လာ၍ စံနေတော် မူသည့် နောက်ပိုင်း တွင်တော့ ဆွေမျိုး အချင်းချင်း ပြန်၍ အဆက်အသွယ်ရှိသွားကြသည် ဟု လေ့လာမိသလောက်ကို မှတ်တမ်းတင်အပ်ပါသည်။

ကိုးကား
-ဆရာမကြီး ဒဂုန်ခင်ခင်လေး၏ ရတနာပုံ နိဒါန်းနှင့် နိဂုံး
- မောင်သန်းဆွေ (ထားဝယ်) ရေးသားသော ပုခန်းကြီး စုဖုရားကြီး၏အမွေမှု ကလျာမဂ္ဂဇင်း ဧပြီလ ၂ဝ၁၁ ခုနှစ်

အတီး (ဝါးလုံးရှည်)

Monday, September 16, 2013

on Leave a Comment

နို့ထိန်း ရွေးပွဲ

ကုန်းဘောင် ပဒေသရာဇ်ခေတ်က ဘုရင့်သားတော်၊သမီးတော်များအား အငှါးနို့ချို့တိုက်ကျွေးကြပုံကို လက်လှမ်းမှီသလောက် ပြန်တင်ပြလိုက်ရပါသည်။

ရှင်ဘုရင်တွေရဲ့ မိဖုရားကြီးများဟာ ပတ္တမြား ရွှေကြုပ် နှုတ်ငုံတော် သည် စတင် ထကြွ(ကိုယ်ဝန်ရှိ)လာသည်နှင့် တပြိုင်နက် နို့ထိန်း ( နာနီ)ရွေးပွဲကို အခမ်းအနားနှင့် စတင်ရွေးချယ်ကြတတ်ပါသည်။ ရှင်ဘုရင်ရဲ့ သားသမီးတွေကို နို့တိုက် ထိန်းကျောင်း ရမဲ့ လူဆိုတော့ တော်ရုံတန်ရုံ အရည်အချင်းမျိုးနဲ့လဲ မရနိုင်ပါဘူး။ ပထမဆုံးနဲ့အရေးကြီးဆုံး အချက်ကတော့ နို့တိုက်လက်စ သုံးလသား မိခင်ဖြစ်ရပါမယ်။ ကျန်းမာရေး ကောင်းမွန်ပြီး သန့်ရှင်းရမယ်။ ကိုယ်ဟန် အနေအထား ဝဝဖိုင့်ဖိုင့် ရှိရပါမယ်။(သားတော် သမီးတော်လေးတွေ နို့စို့ရင် ဇိမ်ရှိအောင်လို့ပါ။) အခုခေတ် မော်ဒယ်များလို အရိုးပဒေသာ ဖြစ်နေရင်တော့ တခါတည်းသာ လှည့်ပြန်ပေလေတော့။ အလွန်အရပ်ရှည်သော မိန်းမ၊ အလွန် အရပ်ပုသော မိန်းမ၊သားမြတ်ရှည် သောမိန်းမ၊ အသား အလွန်မည်းသော မိန်းမ၊အသား အလွန်ဖြူသော မိန်းမ၊ ချောင်းဆိုး သောမိန်းမ စသည်တို့ကိုလည်းပယ် ပါတယ်။

သင်ဟာ ဒီအချက်များနဲ့ လွတ်ကင်းပြီး သတ်မှတ်ချက်များနဲ့ ပြည့်စုံမယ်ဆိုရင်တော့ဖြင့် နို့ထိန်းရွေးပွဲကိုဝင်ရောက် ယှဉ်ပြိုင်လို့ ရနိုင်ပါပြီ၊ များသောအားဖြင့်တော့ နို့ထိန်း ရွေးပွဲကို ဒိုင်အဖြစ် ကြီးကြပ်ရသူတွေဟာ အသက်အရွယ် ကြီးရင့်ပြီး အတွေ့အကြုံများသူ အထိန်းတော်ကြီးများဖြစ်လေ့ရှိကြပါတယ်။ သတ်မှတ်ထားတဲ့ အချိန်ရောက်ပြီဆိုတာနဲ့ နို့ထိန်း ပြိုင်ပွဲ ဝင်သူတွေဟာ မတ်တပ်ရပ် တန်းစီပြီး တော့ လက်တွေ့ ပရက်တီကယ် အင်တာဗျူးကို ရင်တထိတ်ထိတ်နဲ့စောင့်ဆိုင်းနေကြရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သာမန် အရပ်သားတွေ အဖို့ နို့ထိန်းဆိုတဲ့ ဂုဏ်ပုဒ်ဟာ အတော်အတန် မက်လောက်စရာ ရာထူးအလုပ်အကိုင်ဖြစ်တာကိုး။လစဉ် လစာတော်အပြင် ဆုတော် လာဒ်တော် ဘောက်ဆူးတွေလဲ ခဏခဏ ရတတ်ကြတာ။ ဒီကြားထဲမှာ ကိုယ်နို့တိုက်လာတဲ့ ကလေးတွေက ဘုရင်၊မိဘုရားတွေ ဖြစ်လာရင်တော့ စိုင်ကော်လို့ ချုံပေါ်ရောက်ဆိုသလို နို့မယ်တော်ဆိုပြီး တဆောင်တယောင်နဲ့ တခမ်းတနားနေကြရမှာ မဟုတ်လား?

ကဲ နို့တိုက်မယ်တော် ရွေးနည်းကိုပြောလိုက်ကြရအောင်။ သတ်မှတ်ထားတဲ့ အချိန်ကြပြီ ဆိုတာနဲ့ အပျိုတော် ခပ်ငယ်ငယ်လေးတစ်ဦးဟာ ရေထည့်ထားတဲ့ ရွှေဖလား နဲ့ ရောက်လာပြီး ဝင်ရောက်ယှဉ်ပြိုင်မဲ့ အမျိုးသမီးရဲ့ နို့ရည်ကို ရွှေဖလားထဲကို ညှစ်ချကြည့်လိုက်ပါတယ်။ ပြီးနောက် ရွှေဖလားထဲက အခြေအနေကို ကြည့် နို့အမျိုးအစားခွဲခြားပြီးနောက်မှ နို့ထိန်းမယ်တော်များကို စတင်ရွေးချယ်ပါတော့တယ်။

"နို့ ကပ်စေးနည်း"
ရွှေဖလားထဲကို ညှစ်ချလိုက်တဲ့ နို့ရည်ဟာ ကောင်းစွာ မကျပဲ တစ်စက်နှစ်စက်လောက်သာ အိမ်တံစက်မြိတ်မှ မိုးရေ လေးတွေ ကျသလိုမျိုး ကျရင်တော့ ပယ်ပါတယ်။ ဒါဟာ နို့ကပ်စေးနည်းပါတဲ့။ ဟုတ်တယ်လေ၊ ဒါမျိုးဆိုရင်တော့ သားတော်သမီးတော်လေးမှာ အာဟာရ မရနိုင်ပဲ သရောကြီးခိုင်ရချည်ရဲ့။ ဒါမျိုးကိုတော့ ပယ်ပါတယ်။

"နို့ငန်းတော်ကျား"
ရွှေဖလားထဲကို ညှစ်ချလိုက်တဲ့ နို့ရည် နို့တန်းဟာ ကောင်းစွာ ထွက်ရှိသော်လည်း ဖလားထဲရှိ ရေထဲ၌ ကွေ့ကောက် ဝေ့ဝိုက် စွာမြွှေတစ်ကောင် ရေကူးသွားသလိုဖြစ်ရင်တော့ ပယ်ပါတယ်။နို့ငန်းတော်ကျားပါတဲ့၊ ဒီလိုနို့မျိုးက ကလေးတွေက မတိုက်သင့်ဘူးပေါ့ကွယ်။

"နို့တန်းကျ"
ရွှေဖလားထဲကို ညှစ်ချလိုက်တဲ့ နို့ရည် နို့တန်းဟာ ကောင်းကောင်းလည်းထွက်မယ်။ ဖလားထဲမှာ ရှိတဲ့ ရေထဲကို ရေကူးချန်ပီယံတစ်ယောက် ရေထဲကို ဒိုင်ဗင်ထိုးချလိုက်သလိုမျိုး စွတ်ခနဲ စိုက်စိုက်မတ်မတ် ဝင်သွားပြီ ဆိုရင်တော့ ဒါဟာ နို့တန်းကျပါတဲ့။ ဒီလို နို့ အမျိုးအစား မှသာလျှင် ကမ္ဘာ့အကောင်းဆုံး နို့ အမျိုးအစား စာရင်းဝင်ပြီး သားတော်၊သမီးတော်လေးတွေကို တိုက်ဖို့ နို့ထိန်းမယ်တော် အဖြစ် တင်းပြည့်ကျပ်ပြည့် အရွေးခံရပါတော့ သတဲ့ကွယ်။

အတီး (ဝါးလုံးရှည်)

Monday, February 11, 2013

on 1 comment

ရှင်စောပုဘုရင်မကြီး အသုံးပြုခဲ့သော ခေါင်းဆောင်းတော် နှင့်မြန်မာတို့၏ စက္ကောမ ယန္တရားအတတ်

The photo of the ceremonial helmet worn by the famed Mon Queen Shin-saw-bu (r.1453-1460)

ရှင်စောပုသည် မွန်တို့၏ မဂဒူးမင်းဆက်တွင် ၁၅ ဆက်မြောက်မင်းဖြစ်သည်။ ပုံမှာ ခေါင်းဆောင်းတော်မှာ အင်္ဂလိပ်များ မြန်မာနိုင်ငံအောက်ပိုင်းကို သိမ်းပြီး နောက် အင်္ဂလန်သို့ ယူဆောင်သွားပြီး နောက် လန်ဒန်မြို့ရှိ ဗစ်တိုးရီးယားနှင့် အယ်လဘတ် ပြတိုက်၌ယခုထက်တိုင် ပြသလျှက်ရှိသည်။ဖော်ပြပါပုံကိုကြည့်ချင်းအားဖြင့် ထိုခေတ်ကတဲက မြန်မာတို့၏လက်မှူပညာရပ်များဖြစ်ကြသော ပန်းထိမ်ပညာ၊ကြေးသွန်းပညာတို့ ခန့်မှန်းထားသည်ထက်ပိုမို ထွန်းကားခဲ့ကြောင်းသုံးသပ်နိုင်ပေသည်။ ဘုရင်မကြီး၏ သားမက်တော် ရာမာဓိပတိမင်းလက်ထက်တွင်မူ မြန်မာတို့၏ စက္ကောမ ပညာရပ်(Robot) များသည် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ကြသည်ဟု ယူဆမိပေသည်။ ထို အကြောင်းကိုမတင်ပြမီ ရာမာဓိပတိဟု အမည်ရသော်လည်း ယခုထက်တိုင်အောင် ရန်ကုန်မြစ်ဝ၌နစ်မြုတ်နေသည့် ဓမ္မစေတီ ခေါင်းလောင်းကြီးအား လှုဒါန်း၍ ဓမ္မစေတီ မင်းကြီး ၏ ကြံရည်ဖန် ရည် နှင့် စွမ်းဆောင်းနိုင်မှုတို့ ကို တင်ပြနိုင်မှ ပြည့်စုံမည်ထင်ပါသည်။

ရှင်စောပုသည် အင်းဝသို့ ပါတော်မူခဲ့ရပြီးလျှင် အင်းဝဘုရင်၏ မိဖုရားကြီးအဖြစ် နေခဲ့ရသည်ကိုကား မွန်၊ မြန်မာ ရာဇဝင်များ အားလုံးက ဖော်ပြကြပေသည်။ ရှင်စောပုသည် အင်းဝတွင် မိဖုရားကြီးတပါးအဖြစ် စံနေရလင့်ကစား မပျော်ပိုက်ပေ။ အင်းဝတွင် သီဟသူနှင့် သုံးနှစ်၊ မင်းလှငယ်နှင့် သုံးလ၊ ကလေးတောင်ညိုမင်းနှင့် ခုနှစ်လ၊ မိုးညှင်းမင်းတရားနှင့် သုံးနှစ် စုစုပေါင်း ခုနစ်နှစ် ကြာခဲ့လေသည်။ ထိုမျှသော ကာလပတ်လုံး မိဖုရားကြီး၏ စည်းစိမ်ချမ်းသာကို တပ်မက်မောခြင်း မရှိဘဲ မိမိ၏နေရင်း ဟံသာဝတီသို့သာ ပြန်လိုလှ၍ ဒဂုန်ဆံတော်ရှင်၏ ခြေတော်ရင်းတွင် ဥပုသ်သီတင်း ဆောက်တည်ကာ ဒါန၊ သီလ၊ ဘာဝနာ အလုပ်တို့ကိုသာ ဆောင်ရွက်နေလိုစိတ် ပြင်းပြနေခဲ့လေသည်။ ဟံသာဝတီတွင် ရှင်စောပု ရှိစဉ်က သားအမှတ်စားခဲ့၍ ရဟန်းပြုပေးခဲ့သော ပိဋကဓရ မည်သော ရဟန်းတစ်ပါးသည် မယ်တော်ကြီးအလား ကျေးဇူးကြီးလှသော ရှင်စောပု ဟံသာဝတီသို့ ပြန်လည်ရောက်ရှိရေးကို တွေးတော အားထုတ်ခဲ့လေသည်။ ပိဋကဓရသည် ရှင်သာမဏေ ဘဝကပင် ပုဂံသို့ သွားရောက်ပြီးလျှင် ပိဋကတ်သုံးပုံကို ငါးနှစ်မျှ သင်ကြားတတ်မြောက်ခဲ့၍ ဟံသာဝတီသို့ ပြန်ရောက်သောအခါ မွန်၊ ဗမာ နှစ်ဘာသာဖြင့် တရားဓမ္မ ဟောကြားရာတွင် အလွန် ကျော်ကြားလေသည်။ ပိဋကဓရသည် ရှင်စောပုအား ကူညီနိုင်ရန် ဓမ္မဥာဏဘွဲ့ အမည်ရှိ အခြားမွန်ရဟန်းတစ်ပါးနှင့် တိုင်ပင်နှီးနှောပြီးလျှင် အင်းဝသို့ ကြွလာခဲ့ကြလေသည်။ အင်းဝသို့ရောက်လျှင် ထိုရဟန်းတို့ တရားဟော အလွန်ကောင်းသည်ဟု ကျော်ကြားလေသည်။ထိုအချိန်ကာလသည် မိုးညှင်းမင်းတရားလက်ထက် သက္ကရာဇ် ၇၉၁ ခုနှစ်ဖြစ်ပေသည်။
ပိဋကဓရတို့ ရောက်လတ်လျှင် ရှင်စောပုသည် ထိုရဟန်းတို့နှင့် လျှို့ဝှက်စွာ အဆက်အသွယ်ပြုလျက် ဟံသာဝတီသို့ ထွက်ပြေးရန် စီစဉ်သည်။ ထို့နောက် မိဖုရားကြီးသည် ကြိုတင် စီစဉ်ထားသည့်အတိုင်း ချိပ်ရည်ဖြင့် ဖော်စပ်ထားသော ဆေးကို သောက်လေလျှင် ဝမ်းက အနီအဝါ သွေးဝမ်းများ ကျလတ်သည်။ အထိန်းတော်များလည်း စိုးရိမ်စွာဖြင့် မင်းကြီးအား သံတော်ဦးတင်၏။ ရောဂါကူးစက်မည် စိုး၍ ရှင်စောပုအခန်းသို့ နန်းတွင်းသူများ မဝင်လိုကြဘဲ ရှောင်ရှားနေကြသည်။ ရှင်စောပုလည်း မိမိဝေဒနာ ကြီးစွာ ခံစားနေရသဖြင့် ကံမကုန်မီ ပိဋကဓရနှင့် ဓမ္မဉာဏတို့၏ တရားတော်တို့ကို နာကြားလိုသည်ဟု လျှောက်သည်။ မင်းကြီးလည်း ယုံကြည်၍ ရဟန်းနှစ်ပါးအား အချိန်မရွေးပင် ထွက်ခွင့်ပေးသည်။ အချိန်းအချက် ပြုထားသည့်နေ့တွင် ပိဋကဓရ နှင့် ဓမ္မဉာဏတို့ ရဟန်းနှစ်ပါးလည်း သိက္ခာချ၍ သာမဏေအဖြစ်ဖြင့် နေကြသည်။ ထိုညဉ့်သန်းခေါင်ယံအချိန်တွင် အဝတ်အစား သေတ္တာကြီးတလုံးအတွင်းသို့ ရှင်စောပုအား ဝင်စေ၍ အဝတ်အထည်များဖြင့် ဖုံးကွယ်ကာ ရဟန်းနှစ်ပါးတို့က သေတ္တာကို တဖက်စီဆွဲလျက် အခန်းအတွင်းမှ ထွက်သည်။ နန်းတော်တံခါးစောင့်များ မေးလျှုင် ရှင်စောပု လှူလိုက်သော ပစ္စည်းများဟု ဆိုသဖြင့် မည်သို့မျှ ရှာဖွေခြင်း မပြုဘဲ လွှတ်လိုက်၏။ ထို့နောက် မြို့အနောက် လုံးတော်ပေါက်မှ ထွက်ကာ ကြိုတင်စီစဉ်ထား သည့်အတိုင်း ရဟန်းနှစ်ပါးနှင့် တကာနှစ်ယောက်တို့သည် ရှင်စောပုအား လှေပေါ်တင်ပြီးသော် ဟံသာဝတီသို့ စုန်ပြေးလေသည်။
မိုးညှင်းမင်းတရားသည် အမတ်ကြီးအား လှော်ကားငါးစင်းနှင့် လက်ပြည့်လှော်၍ လိုက်စေသော်လည်း မတွေ့ရချေ။ ရှင်စောပုတို့လူစုသည် နေ့တွင်း တောတွင်း၌ ပုန်း၍ ညဥ့်အခါတွင်သာ စုန်ဆင်းကြသည်။ မိုးညှင်းမင်းတရားလည်း ရှင်စောပုသည် အင်းဝ၌ မပျော်ပိုက်သဖြင့် ပြေးလေသည်ကို ဆင်ခြင်မိ၍ ရှိစေတော့ဟု ဆိုကာ ဟံသာဝတီအရောက် လိုက်လံ တိုက်ခိုက်ခြင်း မပြုတော့ပေ။

ရှင်စောပုဘုရင်မကြီးသည် ဘ၀၏နောက်ပိုင်းကာလများတွင် မိမိအား ဟံသာဝတီသို့ ပြန်ရောက်အောင် ကျေးဖူးပြုခဲ့သည့် ရဟန်း နှစ်ပါးအနက်မှ ဓမ္မဉာဏ အားလူဝတ်လဲစေပြီး သမီးတော် မိတကာတင်နှင့် လက်ဆက်စေသည်။ ထို့နောက်ဓမ္မစေတီဘွဲ့ဖြင့်အိမ်ရှေ့အရာပေးကာ ကိုယ်စားအဖြစ် တိုင်းရေးပြည်ရွာ ကိစ္စများကိုလွှဲအပ်လေသည်။ မိမိမှာမူ ရွှေတိဂုံစေတီတော် ခြေတော်ရင်းတွင်သာ တရားဓမ္မများကို လေ့လာအားထုပ်ပြီးနေသည်မှာ နတ်ရွာစံသည့်အချိန်အထိပင်ဖြစ်သည်။ ထို့ကြောင့် ဘုရင်မကြီးရှင်စောပု၏ အုတ်ဂူကို ရွှေတိဂုံဘုရားအနီးတွင် တည်ထားခဲ့ခြင်းဖြစ်သည်။ 

ရှင်စောပု လွန်လျှင် သားမက်တော် ဓမ္မစေတီမင်း နန်းတက်ကာ ဟံသာဝတီထီးနန်းကို စိုးစံသည်။ဤကားဓမ္မစေတီ မင်း၏ မည်သူမျှမလုပ်ရဲသော ၊ မလုပ်နိုင်ခဲ့သော အလုပ်ကို ခဲရာခဲဆစ် ကြံဆောင်နိုင်ခဲ့ခြင်းဖြစ်ပေသည်။ ထိုမင်းလက်ထက်တွင် မူ စစ်မက် မဖြစ်ပွါးပဲ တိုင်းပြည် ငြိမ်းချမ်းသောကြောင့် တိုင်းပြည်တိုးတက်စေနိုင်သော စက်မှူလက်မှူပညာရပ်များနှင့် သာသနာပြုကိစ္စများကို အထူးပင်အားပေးခဲ့လေသည်။ ရှင်စောပုနှင့် သမက်တော်တို့သည် သမက်တော်မင်းပြုသော ကာလအတွင်း သားနှင့်အမိတို့ စစ်သည်ဗိုလ်ပါအပေါင်း ခြံရံလျက် ဘုရားခြေတော်ရင်း၌ ကြွရောက်စံမြန်းပြီးလျှင် ကြီးစွာသော အလှူဒါနပြုကြသည်။ စေတီတော်ပတ်လည်ရှိ ချောက်ကမ်းပါးနှင့် ချိုင့်ဝှမ်းများကို ဂဝံကျောက်တုံးကြီးဖြင့် ဖို့စေသည်။ မြင့်သော ကုန်းမြေကို ညီညာစေရန် တူးညှိစေသည်။ အပြင်ဘက်တို့တွင် ဂဝံကျောက်တုံးများဖြင့်စီစေသည်။ စေတီကိုခံသော ပစ္စယာပေါ်တွင် ကျောက်ထီးများပြုလုပ်၍ ရွှေချသည်။ ပန်းတင်ခုံပစ္စယာကို ခါးဖွဲ့၍ ကျောက်ဖြင့်ပြီးသော ဆီမီးအိမ်တို့ဖြင့် ပတ်လည်စီထားသည် စသည်ဖြင့် ရွှေတိဂုံကျောက်စာ၌ ဆံတော်ရှင်အား အထူးတလည်(Upgrade) မွမ်းမံပုံများကို ဖော်ပြထားသည်။ 

ဘုရင်မကြီးသည် ဒဂုန်ဆံတော်ရှင်မြတ်ကို အလွန်တရာကြည်ညိုတော်မူသဖြင့် မိမိ၏ ကိုယ်အလေးချိန်ဖြစ်သော ရွှေ ၂၅ ပိဿာကို မျက်ပါးခတ်ပြီးလျှင် စေတီတော်ကြီးတွင် ရွှေသင်္ကန်း ကပ်လှူတော်မူသည်။ မြို့သူ၊ မြို့သားတို့ကလည်း ရွှေပိဿာချိန် ၅ဝ မျှကို ကူ၍ ပူဇော်ကြသည်။ ဘုရင်မကြီးသည် ကြေးချိန် ၁၇ဝဝ ပိဿာရှိ ခေါင်းလောင်းကြီးတစ်လုံးကိုလည်း သွန်းလုပ် လှူဒါန်းသည်။ ဒါ့အပြင်ရှင်စောပုသည် စေတီတော်ကြီးတွင် ထီးဖြူလေးစင်း၊ ရွှေသပိတ်လေးလုံး၊ ရွှေပန်းကန် လေးလုံး (ပန်းကန်တလုံးလျှင် ဆန်တတင်းချက် ဝင်သည်။) ငွေပန်းကန်ရှစ်လုံး၊ ရွှေဇွန်းလေးစင်း၊ ငွေဇွန်းရှစ်စင်း၊ (ဇွန်းတစင်းလျှင် ဆန်တစလယ်ချက် ဝင်သည်။) ဆွမ်းသင်ပုတ်တော် ၄၄ ခွက်၊ ရေအိုးကြီးလေးလုံး၊ ထွေးအင်လေးလုံး၊ ကုလားစည်လေးလုံးနှင့် စောင်းတန်းမုခ် လေးဘက်လေးဆောင်တို့ကို လှူဒါန်းခဲ့သည်။ ထို့သို့ လှူဒါန်းပြီးနောက်တွင်ကား မသမာသူသို့ မလွယ်တကူမဖျက်စီးစေနိုင်ရန် ဘုရားကြီး၏ဌာပနာတိုက်အတွင်း စက္ကောမ ပညာရပ်ဖြင့် စီရင်ထားသော ဓားစက်၊လှံစက်များ၊ လူကိုမြင်သည် နှင့် ပြေး၍ ထိုးခုတ်သတ်ဖြတ်တတ်သော စက်ရုပ်များကိုပါ တခါတည်းထည့်သွင်းစီရင်ခဲ့ပေသည်။ သုံးစက္ကန့် လည်ပြီး တစက္ကန့် နားသော ဓားစက်၊လှံစက်ကြီး ဆိုသည်မှာလည်း တခြားမဟုတ် ၊ရန်ကုန်မြစ်၏ ဒီရေအားဖြင့်လည်ပတ်သော စက်တမျိုးပင်ဖြစ်ပေသည်။
သို့ဆိုလျှင် ရန်ကုန်မြစ်သည် ရွှေတိဂုံဘုရားကြီးအလွန်ဝေးကွာသောကြောင့် မဖြစ်နိုင်ဟု ထင်မည့်သူများအားရှင်းပါမည်၊ရှေးယခင်က ရွှေတိဂုံဘုရား၏ကုန်းတော်မှာ မြစ်ဝ၌ပင် ရှိ၍ဘုရားပေါ်သို့ လှေများဖြင့်ပင် သွားရောက်နိုင်ကြောင်းမှတ်တမ်းများ၌လာရှိပေသည်။နောက်တချက်မူကား ရွှေတိဂုံစေတီတော် တည်ရှိရာ ကုန်းတော်မှာ ရှေးက ကျွန်းငယ်တကျွန်းသာ ဖြစ်ခဲ့၍ သိမ်းငှက်များ ကုပ်ကုပ်ကပ်ကပ်နားခိုသောကြောင့် သိမ်းကုပ်တရဟု သဘောင်္သားများက ခေါ်တွင်ခဲ့ရာမှ သိဂုင်္တ္တရ ဟု အမည်တွင်ခဲ့သော အချက်အား ထောက်ရှု၍ ရှေးရှေးက အတတ်ပညာရှင်တို့က စေတီတော်ကြီး၏ငှါပနာတိုက်သို့ ဥမင်လှိုဏ်ခေါင်းဖောက်လုပ်ကာ ရန်ကုန်မြစ်ရေကိုဝင်စေပြီး ထိုရေအားဖြင့်ပင်စက်များကို လည်ပတ်စေသည်မှာ များစွာဖြစ်နိုင်ပေသည်။

ထပ်မံ၍ သေချာစေသောလက်ထက်မှာ ဓမ္မစေတီမင်းလက်ထက်တွင် ပြင်သစ် (သို့)ပေါ်တူဂီ သံအဖွဲ့(အင်္ဂလိပ်မဟုတ်။ ကျွန်တော် သေချာ မမှတ်မိသည့်အတွက်တောင်းပန်ပါရစေ) ရောက်ရှိလာချိန်တွင် မြန်မာတို့က ကောင်းစွာဧည့်ခံကာ မိမိတို့ တတ်ကျွမ်းထားသော လေးအတတ်။ လှံအတတ်မနှင့် ယန္တရားအတတ်များကို ပြသသည့်ပြပွဲလေးတရပ် (Exhibition)လုပ်ခဲ့လေသည်။အမှန်မှာတော့ ပြပွဲသာမဟုတ်ပဲ မိမိ၏စစ်အင်အားကို ပရိယာယ်ဖြင့် ပြသခဲ့ခြင်းသာဖြစ်ပေသည်။(ယနေ့ကမ္ဘာပေါ်တွင် ပြုလုပ်လျှက်ရှိသော စစ်ရေးလေ့ကျင့်မှူများမှာ ပိုက်ဆံပေါ၍မဟုတ်။ ရည်ရွယ်ချက်ရှိရှိနှင့် မိမိစစ်အင်အားကို ပြသချင်းပင်ဖြစ်သည်။)
ထိုပြပွဲအတွင်းတွင်ကား ဓားခုတ်လှံခုတ်စက်ရုပ်များ။ လက်နက်ပုံးများကို သံအဖွဲ့များကို မျက်လှည့်အတတ်နှင့်ရောနှောကာ ပြသခဲ့လေသည်။ထိုသို့ မိမိနယ်မြေအားနယ်ချဲ့ရန် လာအကဲစမ်းသော နိုင်ငံခြားသားများအား စစ်မဖြစ်လိုက်ရပဲ ကောင်းစွာ တွန်းလှန်ခဲ့ပေသည်။

သို့သော် ဟံသာဝတီ နိုင်ငံတော်ပျက်စီး ပြီးသည့်နောက်တွင်ကား ဤအတတ်ပညာသည်လည်း တိမ်မမြူပ်ပျောက်ကွယ်သွားရတော့လေသည်။ အမှန်မှာ ဤအတတ်ပညာများနှင့်ပင် နယ်ချဲ့လာသူအင်္ဂလိပ်တို့အား ကောင်းစွာ ဒုက္ဒပေးနိုင်သည်ဟု မိမိယူဆလိုက်ပါတယ်။ထိုသို ကြိုမြင်ခဲ့၍ကြံဆောင်ခဲ့သော ကနောင်မင်းသားကြီးအား မိမိ ၏ တူတော်နှင့် သားမက်တော်စပ်သော(အမျိုးအရင်းကြီး) အာဏာရူး မြင်ကွန်း။မြင်းခုံတိုင်မင်းသားတို့က တီးထည့်လိုက်ခြင်း၊ အချင်းချင်းမညီညွတ်ပဲ ပြည်တွင်းစစ်များသာဖြစ်ပွါးနေချင်းတို့ကြောင့် သာ ပျောက်ပျက်သွားလေတော့သည်။ ကြုံတောင့်ကြုံခဲ အချင်းချင်းညီညွတ်ပြီ ဆိုပါကလဲ အဲ ယိုးဒယားကို သွားစွာပါလေပြီ။ ဒုက္ခ။ သမိုင်းတလျှောက်လုံး ယိုးဒယားပြည်သူတို့မှာ မြန်မာတို့၏ အရိပ်အကဲကိုကြည့်ကာ အထုပ်တပြင်ပြင်နဲ့ နေခဲ့ရသည်ဆိုပါက မလွန်ချေ။-အချုပ်ဆိုရသော် မြန်မာတို့၏ ယန္တရား အတတ်ပညာသည် ရှေးအခါက အတော်အတန်ထွန်းကားခဲ့ကြောင်းနှင့် ယခုအခါတွင်မူ အကြောင်းကြောင်း ကြောင့်ပျောက်ကွယ်သွားပြီဖြစ်ကြောင်းပြောကြားရင်းနိဂုံး ချုဎ်လိုက်ရပါသည်။

ကိုးကား -- မြန်မာ ဝီကီ

အတီး( ဝါးလုံးရှည်)